ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender/ CEDAW/ UNSCR 1325 အသိပညာပေး Online သင်တန်းဖွင့်ပွဲနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများပေးအပ်ခြင်းအခမ်းအနားများကို ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက Hybrid ပုံစံဖြင့်ဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဟူသည့်လုပ်ငန်းကြီး(၇)ရပ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး ဒီကနေ့ဖွင့်လှစ်သည့် သင်တန်းသည် အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့်လုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ ပိုမိုသိရှိနိုင်စေရေးနှင့်ဝန်ကြီးဌာနအားလုံးတွင် Gender Mainstreaming ဖြစ်လာစေရေးအတွက် အသိပညာပေးသင်တန်းကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ယခုအကြိမ်ကတော့စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများမှ အရာထမ်းများအတွက်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ကျား၊မတန်းတူညီမျှရေး၊အမျိုးသမီးအခွင့်အရေးများနှင့်စပ်လျဉ်းသည့်Gender, CEDAW, NSPAW လုပ်ငန်းစဉ်များအား  ပါဝင်ထည့်သွင်းအသိပညာပေးခြင်းဖြင့် ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား ပိုမိုသိရှိလာပြီး Gender Mainstreaming ဖြစ်လာစေရန်၊ ထိုမှတစ်ဆင့် အမျိုးသမီးများ၏ အခွင့်အရေးများပိုမိုဆောင်ရွက်ပေးနိုင်ရန်၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးလုပ်ငန်းစဉ်တိုင်းတွင် ကျား၊မတန်းတူညီမျှရေးကိုထည့်သွင်းဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးကိုယ်စားပြုမှုရရှိရေးနှင့်ပတ်သက်သည့်အသိပညာများတိုးပွားစေရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊သင်တန်းတက်ရောက်ကြသည့်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှအရာရှိကြီးများအနေဖြင့်လေ့လာရသမျှ ဗဟုသုတတွေကို မိမိတို့ပတ်ဝန်းကျင်အတွင်း ထပ်ဆင့်မျှဝေပေးခြင်း၊ မိမိတို့ရဲ့ လုပ်ငန်းနယ်ပယ်များတွင်လည်း ကျား၊မရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းတို့ဖြင့် အမျိုးသမီးအခွင့်အရေးရရှိမှုပိုမိုမြင့်မားသည့်နိုင်ငံဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ကျား/မရေးရာ (Gender) သဘောတရားများနှင့် မိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များတွင် ကျား/မရေးရာ သဘောတရားအမြင်များဖြင့် ထည့်သွင်း ဆောင်ရွက်သွားနိုင်ရန် အမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၈)ခုမှ ဦးစီးအရာရှိနှင့် အလယ်အလတ်အဆင့် အရာထမ်းများ၊ သင်တန်းသား/သူ (၃၀) ဦးပါဝင်တက်ရောက်ကြပြီးသင်တန်းကာလမှာ (၁၄.၉.၂၀၂၂) နှင့် (၁၅.၉.၂၀၂၂) ရက်နေ့ထိ (၂) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ထို့နောက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွင်းနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားရှိသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနှင့် ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ကြေးများ ပေးအပ်သည့်အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားတို့၏လူမှုဘဝသာယာဝပြောရေးအတွက် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများချမှတ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းရပ်များတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းသည်တစ်ခုအပါအဝင်ဖြစ်ပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက ထူထောင်ထားရှိသောဂေဟာ/ ရိပ်သာများကို စနစ်တကျဖွင့်လှစ်နိုင်ရေးနှင့် ကြီးကြပ်နိုင်ရေးအတွက်ရည်ရွယ်၍ ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ နည်းပညာအကူအညီပံ့ပိုးပေးခြင်း၊  နိုင်ငံတော်ကိုယ်စား လူမှုရေးတာဝန်များကိုတစ်ဖက်တစ်လမ်းကတာဝန်ယူ၍ဆောင်ရွက်ပေးခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ကူညီပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း၊ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီး ဂေဟာ/ရိပ်သာများတွင် စောင့်ရှောက်ထားရှိသည့် လူပုဂ္ဂိုလ်များကို လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ စစ်ဆေးကြီးကြပ်ခြင်းနှင့်အညီ ဂေဟာ/ရိပ်သာများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာစံချိန်စံညွှန်းများနှင့်အညီလိုက်နာဆောင်ရွက်သွားဖို့အထူးအလေးပေးမှာကြားလိုပါကြောင်း၊ နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးပါသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ စောင့်ရှောက်ထားရှိသူများရေရှည်အကျိုးစီးပွားကိုဦးတည်၍ ဆောင်ရွက်ပေးကြပါဟုတိုက်တွန်းနှိုးဆော်လိုပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူများအနေဖြင့်လည်း ဂေဟာ/ရိပ်သာများ စနစ်တကျဆောင်ရွက်နိုင်မှုအခြေအနေများကို ကြီးကြပ်ခြင်း၊ စောင့်ရှောက်ထားရှိသူများ၏ အခွင့်အရေးများ(လူမှုတရားမျှတမှု - Social Justice)ရရှိနိုင်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးနိုင်စေရန် အစီအမံများထပ်မံချမှတ်ပြီး ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ကလေးများကို မိဘ၊ မိသားစုနှင့် ဆွေမျိုးသားချင်းတို့၏ စောင့်ရှောက်မှုကိုရရှိခြင်းသည် ဂေဟာ၊ သင်တန်းကျောင်းများတွင် စောင့်ရှောက်ခြင်းထက် ပိုမိုကောင်းမွန်သင့်တော်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သည့်  ပရဟိတဂေဟာများ/ ရိပ်သာများအနေဖြင့် မိမိတို့လက်ခံစောင့်ရှောက်ထားသော ကလေးသူငယ်များ၊ ဘိုးဘွားများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၏ အကျိုးစီးပွားကိုရှေးရှုပြီး ၎င်းတို့၏အခွင့်အရေးများကို ဖော်ဆောင်ဖို့လိုအပ်ကြောင်း၊ အထူးသဖြင့် မွေးကင်းစကလေးသူငယ်များကို လက်ခံစောင့်ရှောက်ထားရှိသည့်ဂေဟာများအနေဖြင့် ကလေးသူငယ်အသက်အရွယ်အလိုက် အာဟာရ၊ ကာကွယ်ဆေးများအပါအဝင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အရေးကြီးပါကြောင်း ကျွမ်းကျင်တဲ့ကလေးပြုစုစောင့်ရှောက်သူများ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများက ဂေဟာ/ ရိပ်သာ/ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း တာဝန်ခံများကို ထောက်ပံ့ကြေးများ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရိပ်သာတာဝန်ခံတစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာမြို့ဦးပရဟိတဂေဟာမှ ဂေဟာမှူး၊ ဦးရဲဝင်းက ဂေဟာ/ရိပ်သာများကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယခု ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၆၀)ခု၊ ဘိုးဘွားရိပ်သာ (၈၈)ခု၊  အမျိုးသမီးဂေဟာ(၁၀)ခု၊ မသန်စွမ်းဂေဟာ(၁၁)ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၅၆၁) ကျောင်း၊ စေတနာမူလတန်းညကျောင်း (၁၄)ကျောင်းနှင့် လူငယ့်ရိပ်သာ(၆)ခုတို့အတွက် ထောက်ပံ့ကြေး စုစုပေါင်း (၂၆၈၉.၈၂၈) ကျပ်သန်းဖြစ်ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရုံး၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena AjmoneSesseraအားလက်ခံတွေ့ဆုံ
ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် တုံ့ပြန် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း

MOS

DSW

DDM

DOR