
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ အာဆီယံပဋိဉာဉ်ခံအင်ဂျင်နီယာပညာရှင်ဦးရဲခေါင်ညွန့်၊ ဒေါ်သီတာကြည်မိသားစုကဆောက်လုပ်လှူဒါန်းသောတောင်ကြီးမြို့ ဟမ်းပလို့ကျေးရွာရှိမေတ္တာစိမ့်စမ်းမူလတန်းကြိုကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အလှူရှင်တို့ကကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာကမ္ဗည်းမော်ကွန်းအားအမွှေးနံ့သာဖြင့် ပက်ဖျန်း၍ကျောင်းဆောင်အလှူရှင်ဦးရဲခေါင်ညွန့်နှင့် ကျောင်းအဝင်လမ်းအလှူရှင်ဦးစိုးညွန့်တို့သို့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျေးရွာနေပြည်သူ များ အားရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မူကြိုကလေးငယ်များအားကစားစရာနှင့် မုန့်များပေးအပ်ခဲ့ပြီးကျောင်းဆောင်နှင့်ကျောင်းပတ်ဝန်းကျင်တို့အားကြည့်ရှု၍ လိုအပ်သည်များမှာကြားကာစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြပါသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရေကြီးရေလျှံဘေး၊ ငလျင်ဘေးအစရှိသည့် သဘာဝဘေးအန္တရာယ်များကြောင့်ဘေးဒုက္ခကြုံတွေ့ရသည့် ပြည်သူများအား ထောက်ပံ့ပေးလျှက်ရှိသကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပဋိပက္ခဖြစ်စဉ်များကြောင့် ဘေးလွတ်ရာ သို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများကိုလည်း လတ်တလောစားဝတ်နေရေး အထောက်အကူဖြစ်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ခွင့်ပြုရံပုံငွေအပြင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေမှလည်း ထောက်ပံ့မှုများ ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ယနေ့ ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ ၈၉၀၀၀ကျော်အတွက် ထောက်ပံ့သည့် ငွေကျပ်သန်းပေါင်း ၅၃၀၀ ကျော်သည်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေမှ ထောက်ပံ့ပေးမှုဖြစ်ပါကြောင်း တို့ကိုပြောကြားပါသည်၊
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်ကလည်း နိုင်ငံတော်၏ထောက်ပံ့ပေးမှုများကို ဘေးသင့်ပြည် သူများလက်ဝယ်အရောက် မှန်ကန်မြန်ဆန်စွာရောက်ရှိရေး၊ ကိန်းဂဏန်းအချက်အလက် အထောက် အထားများဖြင့် စနစ်တကျပြုစုထောက်ပံ့ရေးဆိုင်ရာများကို ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး က ၂၀၂၅ ခုနှစ် ဧပြီလမှ ဇွန်လအထိ (၃) လစာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံ ပုံငွေမှ ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၅၃၉၄.၂၄၀ သန်း ကို ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ၊ပင်းတယမြို့နယ်နှင့်ပင်လောင်းမြို့နယ် အတွင်းရှိရေးဘေးသင့် ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက်(၂)နှစ်အောက်ကလေး (၁၆)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၅) ဦး၊ အသက်(၇၅)နှစ်အထက် သက်ကြီး (၁၀)ဦးနှင့် မသန်စွမ်းသူ (၁၁)ဦး ၊ စုစုပေါင်း(၄၂)ဦးတို့အတွက်တစ်ဦးလျှင် ကျပ် ၃၀၀၀၀ -နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁,၂၆၀,၀၀၀ ကို ပြည်နယ်လူမှုရေးဝန်ကြီးထံသို့လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ပါသည်။ ယင်းနောက် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် ရှမ်းပြည် နယ်အတွင်းသို့ ရောက်ရှိခိုလှုံနေသော တိုက်ပွဲရှောင်ပြည်သူများသို့ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေမှ ထောက်ပံ့ထားရှိမှုမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိငွေကျပ်သန်း ပေါင်း ၁၁၃၂၂.၅၄ သန်း ရှိပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။