
၂၈-၃-၂၀၂၅ရက်ကလှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၈ရက်နေ့မှမေလ ၄ ရက်နေ့အထိဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
ယခုအခါမေလ၅ရက်နေ့မှ ၁၂ရက်နေ့အထိရက်သတ္တပတ်၁ပတ်အတွင်းဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် ဗင်နီဇွဲလားဘိုလီဗာရီယန်သမ္မတနိုင်ငံ တို့မှထပ်မံပေးပို့ လှူဒါန်းလာသော တာပေါ်လင်/ မိုးကာစ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ရေသန့်စက်၊ ဆေးနှင့်ဆေးပစ္စည်းများအနက်ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကိုဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ဖြန့်ခွဲပေးပို့ပြီး ဖြစ်ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဒီဇယ်ဆီတန် ၃၀,၀၀၀၊ ဓာတ်ဆီတန် ၂၀,၀၀၀အနက်ဒီဇယ်ဆီတန် ၁၈,၀၀၀ သည် ၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ဓာတ်ဆီတန် ၁၇,၀၀၀ သည် ၇-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်းရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနကစနစ်တကျ သိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက် ရှိပါသည်။
ယာယီရုံးအဖြစ်အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated Office ၅၀၀ လုံးအနက် ၃၄၀ လုံးသည် ၂-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ၂၁၆ လုံးကိုနေပြည်တော်သို့ ၆-၅-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၈၀ လုံးနှင့် နေပြည်တော်သို့ ၄၄လုံးတို့ကို၁၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်းမြန်မာ့မီးရထားဖြင့် သယ်ဆောင်ခဲ့ပြီးဖြစ်၍ ယာယီရုံးခန်းများအဖြစ် အသုံးပြုနိုင်ရန် ဖြန့်ခွဲဆောင်ရွက်လျက်ရှိပါသည်။
ယာယီနေအိမ်အဖြစ်အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated House ၄၅၀၀ လုံးအနက် ၁၅၇၆လုံးသည် ၉-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၁၆လုံး၊ နေပြည်တော်သို့ ၁၈၄လုံးတို့ကို ၁၁-၅-၂၀၂၅ ရက်နေ့တွင် မြန်မာ့မီးရထားဖြင့် ပို့ဆောင်ခဲ့ရာ ၁၂-၅-၂၀၂၅ ရက်နေ့တွင် ရောက်ရှိခဲ့ပါသဖြင့် ဖြန့်ခွဲဆောင်ရွက်လျက်ရှိပြီးထပ်မံပို့ဆောင်ရန်လည်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ရက်သတ္တပတ် ၁ ပတ်အတွင်းလက်ခံရရှိသောလှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများကို နေပြည်တော်ကောင်စီနှင့်သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် လည်းကောင်း၊မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့်လည်းကောင်းခွဲဝေထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၇ စီး၊ စစ်ကိုင်းတိုင်း ဒေသကြီးသို့ မော်တော်ယာဉ် ၂၉ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၉ စီးဖြစ် ပါသည်။
နိုင်ငံတကာအလှူရှင်များမှ ၅-၅-၂၀၂၅ရက်နေ့မှ ၁၂-၅-၂၀၂၅ရက်နေ့အထိ ရက်သတ္တပတ်၁ပတ်အတွင်းပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဘေးသင့်ပြည်သူများအတွက်ဖြန့်ခွဲ ပေးပို့ထားမှုကိုပူးတွဲပါဇယားများဖြင့်ဖော်ပြအပ်ပါသည်။
ထပ်မံလှူဒါန်းလာသည့်ပစ္စည်းများရောက်ရှိမှုနှင့်ငလျင်ဘေးသင့်ပြည်သူများထံအမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ပတ်လျှင်၁ကြိမ်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ဗီယက်နမ်နိုင်ငံမှ လှူဒါန်းပစ္စည်းများရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
မလေးရှားနိုင်ငံမှ လှူဒါန်းပစ္စည်းများရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
ဘရာဇီးနိုင်ငံမှ လှူဒါန်းပစ္စည်းများရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
ဗင်နီဇွဲလားဘိုလီဗာရီယန်သမ္မတနိုင်ငံမှ လှူဒါန်းပစ္စည်းများရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
တရုတ်နိုင်ငံမှလှူဒါန်းသည့်Prefabricated House များရန်ကုန်ဆိပ်ကမ်းတွင်လွှဲပြောင်း၊လက်ခံမှုမှတ်တမ်းဓာတ်ပုံ
တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဓာတ်ဆီ ၁,၇၀၀၀ တန် လွှဲပြောင်း၊ လက်ခံမှုမှတ်တမ်းဓာတ်ပုံ
နေပြည်တော်ကောင်စီအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံ
မန္တလေးတိုင်းဒေသကြီးအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံ
ရှမ်းပြည်နယ်အတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံ